စိုးစံထိုက်
ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများသည် ကမန်တိုင်းရင်းသားတို့၏
ဓလေ့ထုံးစံများအပေါ် သက်ရောက်မှု ကြီးမားလှသည်။
ဤအခြေအနေတွင် နေထိုင်ရေး ပိုမို လုံခြုံသော ရန်ကုန်သို့ ပြောင်းရွှေ့မှု
များပြားလာရာ နေရာသစ်သည် ကမန် တိုင်းရင်းသားတို့အတွက် နေထိုင်ရ ခက်ခဲသည့် ဒေသတစ်ခု
ဖြစ်လာသည်။ သို့သော်လည်း ရန်ကုန်သည် ကမန်တို့
နေထိုင်ခဲ့သည့် နေရာထက် ဘဝလုံခြုံရေး ပိုမို ကောင်းမွန်သည့် ဒေသတစ်ခု ဖြစ်နေသည်။
နေရပ်ရင်း ရခိုင်ပြည်နယ်တွင်မူ ပဋိပက္ခတို့ကြောင့် ဓလေ့ထုံးစံတို့ ကြီးကြီးမားမား သက်ရောက်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နေရသည်။ မြန်မာနှစ်သစ်ကူးကာလ ရောက်ပြီဆိုလျှင် ရခိုင်ပြည်နယ် စစ်တွေ မြို့အတွင်း ကမန်တိုင်းရင်းသားများ နေထိုင်သော သက္ကယ်ပြင်၊ ရွာမ၊ သင်္ဂနက်၊ သာယာကုန်း ကျေးရွာများတွင် ကမန် သင်္ကြန်ပွဲ ကျင်းပလေ့ရှိခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင်မူ ထိုသို့ မဟုတ်တော့ပေ။
"အရင်နှစ်တွေကတော့ ကမန်ရွာတွေမှာ နှစ်တိုင်း သင်္ကြန်ပွဲတော် ကျပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ ရခိုင်ရွာတွေ ဖြစ်တဲ့ ကြက်ကိုင်းတန်ကျေးရွာ၊ ကံကော်ကျွန်းကျေးရွှာတို့က လာလည်ပြီး ပျော်ရွင်စွာ ရေလောင်းကြပါတယ်" ဟု သက္ကယ်ပြင် ကျေးရွာတွင် နေထိုင်သူ မခင်မျိုးညွန့်က ပြောသည်။
ကမန်တို့သည် ရခိုင်မျိုးနွယ်စု ၇ ခုတွင် ပါဝင်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ အစရှိသော မြို့နယ်များတွင် နေထိုင်ကြသည်။
ကမန်တိုင်းရင်းသားအများစုသည် အစ္စလာမ် ဘာသာကိုးကွယ်သူများ ဖြစ်သော်လည်း ရိုးရာယဉ်ကျေးမူ အစဉ်အလာ အရ သင်္ကြန်ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ ရှိသည်။

ပုံ 005 - ပုံစာ ထည့်ရန်
ရခိုင်တိုင်းရင်းသား အများအပြားရှိသည့် ရန်ကုန်တွင် ရခိုင်သင်္ကြန် နှစ်စဉ် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ နေရပ်ရင်း တိုက်ပွဲဖြစ်နေသည့် အခြေအနေကြောင့် သင်္ကြန်အစီအစဉ်ကို လျှော့ချခဲ့သည်။
သို့သော်လည်း ရန်ကုန်ရောက် အငယ်စား ကမန်အသိုင်းအဝန်းကမူ သင်္ကြန်ပွဲကျင်းပခဲ့သည်။ ကျင်းပရသည့် အကြောင်းရင်းများထဲတွင် မျိုးဆက်သစ်တို့အတွက် ရည်ရွယ်ချက် ပါဝင်သည်ဟု ယခင်လက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောက်ပိုင်း ကမန်လမ်းတွင် ကမန်မဏ္ဍပ် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ဒေါ်ဝိုင်းဝိုင်းရီက ပြောသည်။
"အခုလို ရခိုင်ပြည်နယ်မှာ မငြိမ်မသက်မူတွေကို ကြားတော့ ကျမတို့ အနေဖြင့် စိတ်မကောင်း ဖြစ်ရပါတယ်။ ရခိုင်မှာ သင်္ကြန်ဆိုတာက နှစ်တိုင်းလုပ်နေကြတာပါ။ ဒီနှစ် ရန်ကုန်မှာ ကမန်သင်္ကြန် လုပ်ဖြစ်တယ် ဆိုတာလည်း ရန်ကုန်ရောက်နေတဲ့ ကမန်လူငယ်တွေကို ရိုးရာ ဓလေ့တွေ သိစေချင်ပါတယ်" ဟု ကမန်တိုင်းရင်းသူ ဒေါ်ဝိုင်းဝိုင်းရီက ပြောသည်။
ဒေါ်ဝိုင်းဝိုင်းရီတို့ မဏ္ဍပ်တွင် ရန်ကုန်ရောက် ကမန်တိုင်းရင်းသားက လာရောက်လည်ပတ် ရေကစားနေကြသည်ကို တွေ့ရသည်။ စတုဒီသာ အဖြစ် နေ့လယ်စာကို သရက်သီးသုပ်၊ ငါးငရုတ်သီးချက်၊ ငါးခြောက်ကြော်၊ ငရုတ်သီးကြော်များ ဖြင့် ကျွေးမွေးဧည့်ခံသည်။
သံချပ်
ဒေါ်ဝိုင်းဝိုင်းရီက ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ်ဇာတိဖြစ်ပြီး ရိုးရာ သင်္ကြန်ပွဲတော် ဓလေ့ကို မမောတမ်း ပြောပြနိုင်သူလည်း ဖြစ်သည်။
နေရပ်ရင်းတွင် ဓနိကာ မဏ္ဍပ်များရှိ လောင်းလှေများအတွင်း ရေဖြည့်ကာ လူပျို၊ အပျို
တို့က လှေတဘက်စီမှ နေပြီး ရေပက်ကြသည်။
ကာလသားများက မိမိတို့ သဘောကျ နှစ်သက်သော မိန်းခလေးကို ခွင့်တောင်းပြီး ရေလောင်းကာ ချစ်ရေးဆိုလေ့ရှိသည်။
ကာလသားများက မိမိတို့ သဘောကျ နှစ်သက်သော မိန်းခလေးကို ခွင့်တောင်းပြီး ရေလောင်းကာ ချစ်ရေးဆိုလေ့ရှိသည်။
မိမိတို့ ကျေးရွာမှ အပျိုမိန်းကလေးကို တခြားကျေးရွာမှ လူပျို ကာလသားက ရေလောင်းမည် ဆိုလျှင် သီးခြား ခွင့်ပြုချက်တောင်းရကြောင်း သိရသည်။
ထိုသို့ ရေလောင်းနေစဉ် ရေဖလားလွတ်ကျပါက သတ်မှတ်ထားသော လျော်ကြေးငွေ ပေးရလေ့ရှိသည်။ လျော်ကြေးငွေကို စုထားပြီး သင်္ကြန်ပွဲ နောက်ပိုင်း ထမင်းချက်စားလေ့ ရှိသည်။
မိဘတို့ကလည်း ရေကစားမဏ္ဍပ်သို့ လာပြီး စောင့်ကြည်လေ့လာကာ မိမိတို့ သားက မည်သူ့သမီးကို သဘောကျ မကျ အကဲဖြတ်ကြသည်။ သင်္ကြန်ပွဲတော် ကျပြီး များမကြာမီ မင်္ဂလာဆောင် များလည်း ဆက်တိုက်ဆိုသလို ပြုလုပ် ကျင်းပလေ့ရှိသည်။
သင်္ကြန် အကြောင်း ဆိုလျှင် သံချပ်ကဏ္ဍကို မပါမဖြစ် ပြောရမည် ဖြစ်သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲ ဇာတိ၊ အငြိမ်းစား ကျောင်းဆရာ၊ အသက် ၆၇ နှစ် အရွယ် ဦးတင်အေးသည် ၂၀၁၂ ခုနှစ် ရခိုင် ဒေသ ပဋိပက္ခအပြီး ရန်ကုန်သို့ ရွှေ့ပြောင်းလာသူဖြစ်ပြီး မကြာသေးမီက သူနှင့် တွေ့ဆုံစဉ် သရော်ခြင်းထက် စည်းလုံးညီညွတ်ရေး၊ ဖျော်ဖြေရေးကို ပိုမို ရည်ရွယ်သည့် သံချပ်တေးကဗျာတပုဒ်ကို ရွတ်ဆိုပြခဲ့သည်။
"လေးလေး … မောင်တို့ … မောင်တို့…
မြန်မာရိုးရာ ခါသင်္ကြန်
ရောက်ရှိလာပြန် ပျော်ရန်အသင့်။
ရခိုင်မျိုးစု တို့ကမန်
ဆင်နွဲ ကြပြန် အတာသင်္ကြန်ပွဲ။
ဘွက်ကြီးဆိုတဲ့ ဒီရွာတွင်
ကမန်ရေသဘင် ဆင်ယင်နွဲကြ…"
ကိုယ်တိုင် ရေးစပ်ထားသော ကမန် ရေလောင်းမဏ္ဍပ် အကြောင်း သံချပ်ကို ဦးတင်အေးက သင်္ကြန်မဏ္ဍပ်သို့ ရောက်လာသည့် လူငယ်များကို ဆိုပြနေခြင်း ဖြစ်သည်။
ဦးတင်အေးသည် ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်လာသော အခြားသော ကမန် တိုင်းရင်းသား အများအပြားကဲ့သို့ပင် ထောက်ကြန့် ဘွက်ကြီး ကမန်စုတွင် နေထိုင်လျက် ရှိသည်။
ကမန်သင်္ကြန် မဏ္ဍပ်
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် သင်္ကြန် မဏ္ဍပ်များ ရပ်ကွက်အလိုက် အပြိုင်အဆိုင် ပြုလုပ်ကျင်းပလေ့ ရှိပြီး ဘာသာ၊ လူမျိုးခွဲခြားမူ မရှိဘဲ လှပျိုဖြူများက ဆင်တူဝတ်စုံများကို ၀တ်ဆင်ကာပျော်ရွင်စွာ ရေကစားလေ့ ရှိကြကြောင်း ရမ်းဗြဲ မြို့တွင် မွေးဖွားနေထိုင်ခဲ့သူ အသက် (၆၀) အရွယ်ရှိ ဒေါ်သိန်းသိန်းက ပြောသည်။
ဒေါ်သိန်းသိန်းက အသက်(၁၃) နှစ်အရွယ်ကတည်းက သင်္ကြန် မဏ္ဍပ် ၀င်ခဲ့ကြောင်း၊ အရွယ် ရောက်လာပြီး နောက်ပိုင်းတွင် ယခု သူ၏ ခင်ပွန်းသည်ဖြစ်နေသူက လမ်းထိပ်တွင် စောင့်ပြီး ရေလောင်းရာမှ ဖူးစာ ဆုံခဲ့ကြောင်း ပြောကာ ရှက်ပြုံး ပြုံးလိုက်သည်။
ကမန်သင်္ကြန် မဏ္ဍပ်ကို ရန်ကုန်တွင် နှစ်စဉ် ကျင်းပကြမည် ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြောင်းရွေ့နေထိုင် ကြသော ကမန်တိုင်ရင်းသားများ အားလုံး ပါဝင်လာနိုင်စေရန် ရည်ရွယ်ကြောင်း ကမန်တိုင်းရင်းသား လူမူကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောသည်။
"သင်္ကြန်ပွဲတော် ဆိုတာက မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံး၊ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ပွဲ လို့ ကျနော်တို့က နားလည်တယ်" ဟု ဦးထွန်းဝေက ပြောသည်။
ယခုနှစ်မဏ္ဍပ်တွင် ကမန်တိုင်းရင်းသားတို့၏ လေးနှင့်မြား အက၊ မြန်မာရိုးရာ အက အလှ များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တခြားတိုင်းရင်းသား လူမျိုးစုများကလည်း လာရောက် အားပေးခဲ့ကြသည်ကို တွေ့ရသည်။
ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှ စပြီး တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် နယ်မြေ ငြိမ်ချမ်းမူ မရှိဖြစ်နေပြီး ပြည်နယ် အတွင်း သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပခဲ့ခြင်း မရှိကြောင်း သိရသည်။ စစ်တွေ မြိုနယ်အတွင်း လုံခြုံရေး အခြေအနေ အရ ယခုနှစ်သင်္ကြန်တွင် မြို့တော်ဝန် မဏ္ဍပ် ပြုလုပ်ကာ မကျင်းပကြောင်း သိရသည်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပါယ်ပွဲကိုသာ ရိုးရာမပျက်ဘဲ ကျင်းပသွားခဲ့သည်။
"ရခိုင်ပြည်နယ်အတွင်း သင်္ကြန် မကျသလို ကမန်ရွာတွေမှာလည်း သင်္ကြန်မကျ ဖြစ်ပါဘူး။ ရခိုင်ပြည်နယ် အတွင်း နယ်မြေ အေးချမ်းမူ မရှိသေးလို့ပါ" ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်မြင့်သိန်းက ပြောသည်။
ဒေါ်မြင့်သိန်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က စစ်တွေမြို့ သင်္ဂနက်ကျေးရွာတွင် မဏ္ဍပ်ဝင် အမျိုးသမီးဖြစ်သည်။ ထိုစဉ်က သမဝါယမဆိုင်များတွင် မဏ္ဍပ်ဝင်ဝတ်စုံကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသည်ကိုလည်း သူ မှတ်မိနေသည်။
ရခိုင် ဗုဒ္ဓဘာသာဝင်များက ကမန်မဏ္ဍပ်များကို လာရောက် ရေကစားကြပြီး အပြန်အလှန် အားဖြင့် ကမန်တို့ကလည်း ရခိုင်မဏ္ဍပ်များသို့ သွားရောက် ရေကစားကြကြောင်း ပြောသည်။
ရိုးရာ အစဉ်အလာများကို ထိန်းသိမ်းနိုင်မှုသည် တည်ငြိမ်အေးချမ်းမှုနှင့် များစွာ သက်ဆိုင်နေသည်ဟု သူက ဆက်ပြောသည်။
"(ရခိုင်ဒေသ ပဋိပက္ခတွေက) ရခိုင်ရိုးရာတွေ၊ ကမန်ရိုးရာတွေကိုလည်း ထိခိုက်စေပါတယ်လို့ ခံစားရပါတယ်။ စစ်ပွဲတွေကို မလိုလားဘူး။ ငြိမ်းချမ်းစေချင်တာ။ နယ်မြေအေးချမ်းလို့ရှိရင် ကမန်ရိုးရာ၊ ရခိုင်ရိုးရာတွေ နဂို အတိုင်း ပုံပေါ်လာမှာပါ" ဟု ဒေါ်မြင့်သိန်းက မျှော်လင့်ချက်ကြီးစွာဖြင့် ပြောလိုက်သည်။ ။

